Sunday, May 23, 2010

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ပြေးဆွဲပေးလျက်ရှိသည့် ၀ါးတန်း-ဆိပ်ကြီးကားကူးတို့လိုင်းအား ခေတ္တရပ်နားထားခဲ့ရာမှ ပြန်လည် ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။




ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကားကူးတို့လိုင်းအဖြစ် ၀ါးတန်း-ဒလနှင့် ၀ါးတန်း-ဆိပ်ကြီး ကူးတို့လိုင်းနှစ်လိုင်း ပြေးဆွဲပေးလျက်ရှိရာ ၀ါးတန်း-ဆိပ်ကြီးကား ကူးတို့လိုင်းမှာ နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးအတွက် တွဲရေယာဉ်များ ငှားရမ်းပေးမှုတွင် အဆိုပါကူးတို့လိုင်းသို့ ပြေးဆွဲနေသော ဇက်ရေယာဉ်တွဲများအား လိုအပ်ချက်အရ ထည့်သွင်းငှားရမ်းပေးခဲ့ရကြောင်း သိရသည်။ထို့ကြောင့် ပြေးဆွဲပေးနိုင်သည့် ရေယာဉ်အခက်အခဲကြောင့် ၀ါးတန်း-ဆိပ်ကြီးကားကူးတို့လိုင်း အား နှစ်လကြာရပ်နားထားခဲ့ကြောင်း သိရှိရသည်။

"နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းခွင်မှာ လိုအပ်ချက်တွေကိုသုံးဖို့ တွဲရေယာဉ်တွေ ငှားပေးတဲ့အခါမှာ ကုန်ပို့ဌာနခွဲက ရေယာဉ်တွေကို ငှားရမ်းတာ မလုံလောက်လို့ ၀ါးတန်း-ဆိပ်ကြီးကို ပြေးနေတဲ့ ယာဉ်တင်ဇက်ကူးတို့ရေယာဉ်ကိုပါ ငှားပေးလိုက်ရပါတယ်။ ဒီကားကူးတို့လိုင်းကို ပြေးမယ့်ရေယာဉ်မရှိတဲ့အတွက် ခဏရပ်ထားခဲ့တယ်"ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။



လက်ရှိတွင် ငှားရမ်းပေးထားသောရေယာဉ်များ ပြန်လည်ရောက်ရှိလာသည့်အတွက် ယခုလ ပထမပတ်အတွင်း၌ပင် ၀ါးတန်း-ဆိပ်ကြီးကားကူးတို့လိုင်းအား ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။